အလွမ်း
ရှောင်ပြေးလေ
တည့်တည့်တိုးလေ …
မင်းကစီးကရက်လို
မူးဝေစေတဲ့
နိယာမကြီးလေ။
တစ်ရက်လောက်သာ
ရှိသေးရင်ပေါ့။
ကိုယ်မင်းလက်လေးကို
အရင်လိုတွဲပြီး
လမ်းလျောက်ချင်တယ်။
မင်းနဖူးလေးကို
အရင်လို နမ်းချင်သေးတယ်၊
မင်းမျက်တောင်လေးကကော
ကိုယ်အနမ်းပေးတိုင်း
ကော့တက်လာမလားလို့
စမ်းချင်သေးတယ်။
မင်းဆံပင်လေးကိုဖွချင်တယ်။
မင်းမျက်ခုံးလေးကိုလည်း
လက်လေးနဲ့ ညှိပေးချင်သေးတယ်။
မင်းနဲ့အတူ
နားထောင်နေကြသီချင်းတွေကော
တူတူညည်းဆိုကြမလား။
အတူတူအတွေးတွေငြင်းခုန်ကြဖို့လည်း
ကိုယ်ခွန်အားတွေ အပြည့်နဲ့
အမြင်တွေကျယ်နေပြီ။
နှစ်တွေသာကြာတာ
မင်းဆုံးမတဲ့စကားတွေက
နားထဲတဝဲလဲလဲမို့
ကိုယ်အကောင်းဆုံးဖြစ်အောင်
ကြိုးစားနေပြီလေ။
ကိုယ်ပြောင်းလဲသွားပြီချစ်သူ။
ကိုယ်တို့ ချစ်ခဲ့တာတွေ မှန်တယ်။
မင်းလည်းကောင်းခဲ့တယ်။
မင်းလည်းမှားခဲ့တယ်။
မင်းလည်းလွန်ခဲ့တယ်။
ကိုယ်လေ မင်းပျံသန်းပါစေတော့လို့
ကိုယ့်မှာရှိတဲ့ အတောင်ပံတွေကို
အပိုင်စားစေခဲ့တာပါကွာ။
အချစ်ရယ်…
တကယ်ပါ။
အသက်တမျှ ချစ်ဖူးလို့
တသက်မက လွမ်းရဦးမှာပါ။
Comments
Post a Comment