#အသက်ရဲ့ကဗျာ
ဘယ်သူတွေ ဖတ်မလဲမသိ၊
ကိုယ်ရေးမဲ့ ကဗျာဆိုတာ
ကိုယ့်အနုပညာမို့
ရင်ဘတ်ချင်းနီးမှ
ဖတ်ကြည့်ပေါ့။
အသက်ဆိုတဲ့
ကလောင်နာမည်ပေးလိုက်တယ်။
ကျွန်တော့ ကဗျာတွေက
အသွေးအသားထဲက
လာတာမို့။
ကဗျာ…
နူးညံ့တယ်
ခက်ထန်တယ်
သိမ်မွေ့တယ်
ကြမ်းတမ်းတယ်
သူ့သဘောသူဆောင်တယ်
ပင်လယ်လိုကျယ်ပြောပြီး
ကောင်းကင်လို
အုပ်စိုးတယ်။
တိုတောင်းတဲ့
ကဗျာရဲ့
အဖွဲ့အနွဲ့မှာ
မြစ်ပြင်လိုပဲ
ကွေ့ကောက်သွယ်တန်းတတ်တယ်။
ပန်းချီကားတစ်ချပ်လို
ကဗျာကို
ခံစားကြည့်။
သင်မြင်တွေ့ရမှာက
အဆုံးအစမဲ့တဲ့
ကြယ်တာရာတွေပဲ။
ကိုယ်ရေးမဲ့ ကဗျာတွေမှာ
အနှစ်အလလစုဆောင်းထားတဲ့
စုတ်ချက်တွေပါတာမို့
ရှေးဟောင်းနှောင်းဖြစ်တွေလည်း
ဖြစိကောင်းဖြစ်မယ်။
သို့ လတ်လတ်ဆတ်ဆတ်
ကွပ်မျက်ခံရတဲ့
ကလေးတစ်ဦးလည်း
ပါချင်ပါမယ်။
အနာဂတ်မှာ
နိဗ္ဗာန်ရောက်မဲ့
အိမ်မက်တွေလည်း
မဖြစ်မနေရေးမယ်။
ကိုယ့်ကိုကိုယ်
ကဗျာဆရာပါလို့
ကိုယ်အမွန်းမတင်ဘူး။
စိတ်ခိုင်ရင်တော့
ဖတ်ကြည့်ပေါ့…..
ကိုယ်တစ်ချိန်က
ဝမ်းစာအတွက် စွန့်ပစ်ခဲ့ဖူးတဲ့
ကဗျာနဲ့ အနုပညာရဲ့
ရှင်သန်ခြင်းတွေတော့ပါမှာပါ။
တကယ်တော့
ကိုယ်အသက်ဆက်ရှင်နေရတဲ့
သွေးသောက်မြစ်ဟာ
ကဗျာ။
Comments
Post a Comment